ထို့ထက်ပို၍ ဖြိုး (ဖြိုးကျော်) ကို ကျေးဇူးတင်မိသည်မှာ ရွှေတိဂုံစေတီတော်၏ ညရှုခင်းကို စိတ်အေးချမ်းစွာ ကြည်ညိုရန် လိုက်ပို့ပေးခြင်းကြောင့် ဖြစ်သည်။ စနေနေ့ည (၇) နာရီတွင် သူမတို့နှစ်ယောက် စာအုပ်တစ်ပွေ့စီဖြင့် ရွှေတိဂုံဘုရားသို့ ရောက်ကြသည်။ စေတီတော်ကို အောက်မှပင့်၍ မီးမောင်းများ ထိုးပေးပူဇော်ခြင်းဖြစ်ပြီး မည်းမှောင်နေသော ကောင်းကင်ဝန်းကျင်နောက်ခံတွင် ရွှေတောင်ကြီး ထီးထီးမားမား ပေါ်လွှင်နေသလို ဝင်းလက်နေ၏။ ဗုဒ္ဓဘာသာကို အလွန်ယုံကြည် မြတ်နိုး၍ ကိုးကွယ်သူ ဖြစ်သည့်တိုင် တွေ့တွေ့သမျှ ဆင်းတု၊ စေတီတို့ကို မကြည်ညိုတတ်သူ တင်တင်ဇော်ပင်လျှင် ရွှေအဆင်းဝင်းပလျှက်ရှိသော စေတီတော်ကို ဖူးမြော်ရင်း ဦးချ ရှိမခိုးဘဲ မနေနိုင်လောက်အောင် သပ္ပါယ်လှသော ရှုခင်း ဖြစ်နေလေသည်။
စောစောဆီက ရှိသော မနာလို ဝန်တိုစိတ်များ၊ လောဘ၊ မောဟများ အားလုံး ကင်းစင်ပပျောက်သွားသည်ကို အံ့ဩဖွယ်ရာ သတိထားလိုက်မိသည်။ ဘယ်လောက်ထိ စိတ်ငြိမ်းချမ်းသွားသလဲဆိုလျှင် ဘုရားကန်တော့အပြီး ဆုတောင်းလေ့ရှိသော ဆုတောင်းမျိုးကိုပင် မတောင်းမိတော့လောက်အောင် ဖြစ်သွားသည်။
ကြာတော့သည်လည်း မောင့်စကား
(နှာ - ၂၁၃)
ဤဝတ္ထုထင်သည်။ (မြစ်တို့၏မာယာလည်း ဖြစ်နိုင်သည်။) မိမိ အသက် (၁၆ - ၁၇) နှစ်အရွယ်က ဗန်းမော်မြို့မှ မန္တလေးမြို့သို့အပြန် သင်္ဘောပေါ်တွင် ဖတ်ဖြစ်ခဲ့သည်။ ဝတ္ထုထဲတွင်ပါသည့် မြန်မာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အရေးအသားများက မိမိရင်ကို အံ့ဩတုန်လှုပ်စေခဲ့သည်။ ဝတ္ထုထဲမှ အမျိုးသမီးဇာတ်လိုက် တင်တင်ဇော် နန္ဒအခန်းတွင် သွားရောက် အိပ်သည့်အခန်း ဖြစ်သည်။ ဤသို့သော ရဲတင်းသည့် အရေးအသားများသည်ပင် စာရေးဆရာမဂျူး၏ ဟန်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ဤဝတ္ထုသည် စာမျက်နှာ ငါးရာကျော်ပါသည်။ မိမိပြောလိုသည့် အချက်ကို စာမျက်နှာပေါင်းများ ယူပြီး ရေးထား၍ စကားဖောင်းပွနေသည်ဟု ယူဆနိုင်သည်။ စာရေးဆရာပေးလိုသည့် မက်စေ့ခ်ျကို စာမျက်နှာ် သုံးရာခန့်ဖြင့်လည်း ပြီးအောင် ရေးနိုင်သည်။ အချို့နေရာတို့တွင် မလိုအပ်သည့် အကျယ်ချဲ့မှုတို့ ရှိနေသည်။
မိန်းမလေးတစ်ယောက် ပြောလိုက်သည့်စကားကို (ငါ့ချစ်သူက ငါ့ထက်သာတဲ့သူ ဖြစ်ရမယ်) စိတ်ထဲမှာ စွဲထားပြီး ချစ်သော်လည်း မပြောရဲခဲ့သည့်၊ မပြောပဲ ထားလိုက်သည့် (ဖြိုးကျော်) ယောက်ျားတစ်ယောက်၏ မြိုသိပ်မှု၊ ကိုယ့်ကိုယ်ကို အပိုင်တွက်လွန်းပြီး ချစ်စကား မဆိုဘဲ မိန်းကလေးဘက်က သူ့ဖြစ်စေချင်သည့်အတိုင်းသာ ဖြစ်စေရမည်ဟု အောင့်မေ့ကာ ချစ်စကားမဆိုခဲ့သည့် နန္ဒ၏ တွက်ကိန်း၊ ဖြိုးကျော်နှင့် နန္ဒတို့၏ လွန်ဆွဲပွဲအကြား ကြားညှပ်ခဲ့သည့် တင်တင်ဇော်၊ ကိုယ့်ကို ချစ်သော်လည်း ချစ်စကား မပြောကြသည့် ယောက်ျားတို့အကြား စိတ်ထွေပြားခဲ့သည့် တင်တင်ဇော်၊ နောက်ဆုံး အချစ်ဆိုသည့် တန်ဖိုးကြီးအရာကို ရဖို့ အရဲစွန့်ခဲ့သည့် တင်တင်ဇော်တို့ဖြင့် ဇာတ်ကောင်သုံးယောက်ဆင်ကာ ဇာတ်လမ်းခင်းထားသည်။
စာမျက်နှာငါးရာကျော်ကို အချိန်ပေး ဖတ်ခဲ့ရသော်လည်း အချိန်ပေး မဖတ်သင့်သည့် စာအုပ်အဖြစ် စာရင်းသွင်းလိုက်ပါသည်။
0 comments: