***ခံစားချက်တစ်ခုခု၊ ဥပမာ-လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ်၊ မနာလို ၀န်တိုစိတ်ဖြစ်ဖြစ်၊ ကြောက်စိတ်ဖြစ်ဖြစ်၊ အားငယ်စိတ်ဖြစ်ဖြစ် အဖြစ်များလို့ရှိရင် အဲဒီခံစားချက်က စိတ်ထဲမှာ နေရာအပြည့် ယူထားလိုက်တယ်။ နေရာမဖယ် တော့ဘူး။ တွေးသမျှ အတွေးတွေဟာ အဲဒီနား ပတ်ဝန်းကျင်မှာပဲ တွေးတော့တာပဲ။ ခံစားမှုတစ်ခုထဲမှာ ချောင်ပိတ်မိ နေတာဟာ ဘယ်လောက် ပင်ပန်းသလဲဆိုတာ သိကြပါတယ်။
***သတိနဲ့နေတဲ့ အလေ့အကျင့်ကို လုပ်လာတဲ့အခါမှာ ပစ္စုပ္ပန် တကယ်တည့်သွားတဲ့အချိန်မှာ အဲဒီချောင်ပိတ်မိနေတဲ့ စိတ်ဟာ မရှိတော့ဘူး။ ပစ္စုပ္ပန် တကယ်တည့်ပြီဆိုရင် ငါဆိုတာတောင် ပျောက်သလိုဖြစ်သွားတယ်။ သိတာပဲရှိတော့တယ်။ အဲဒီလို ငါဆိုတာပါ ပျောက်ပြီးတော့ သိတဲ့သဘောသက်သက် ဖြစ်လာတဲ့အချိန်မှာ စိတ်ကတည်ငြိမ်ပြီးတော့ အေးချမ်း နေတယ်။ လွတ်လပ်နေတယ်။ အဲဒီအချိန်မှာ အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး၊ ငါမရှိတော့တဲ့ သတိ၊ သမာဓိမျိုးကြုံဖူးရင် ထွက်လမ်းကို သိပြီး ချောင်ပိတ်မိရင် ခဏပဲ။ ဒီနည်းကို မသိရင် ကိုယ့်အတွေးက ကိုယ့်ကို နှိပ်စက်တာကို ကောင်းကောင်း ခံရမယ်။
***အဲဒီလို ပစ္စုပ္ပန် တကယ်တည့်တဲ့အချိန်၊ ပညတ်မပါပဲနဲ့ ပရမတ်ကို တကယ်သိတဲ့အချိန်မှာ အမှန်ကို သိတာပဲ။
***သိတဲ့စိတ်ကလေး ရှိတယ်။ သိရတဲ့အာရုံရှိတယ်။ ကျန်တာဘာမှ မ၇ှိတော့ဘူး။ အဲဒီလို အသိအမြင်ဟာ အင်မတန် ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့ အသိဥာဏ်ဟာ အင်မတန် နက်နဲတယ်။ အာရုံက ရိုးတယ်၊ သိတာလည်းပဲ ရိုးရိုးလေးပဲ သိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့ အသိဥာဏ်က အင်မတန်ကြီးကျယ်တယ်။
***အတွေးအခေါ်တွေ ဘယ်လောက်ပဲ ကြီးကြီးကျယ်ကျယ် နက်နက်နဲနဲတွေ ဖတ်ရှုနေအုံးတော့ ဒီလောက်နက်နဲတဲ့ ဥာဏ်မျိုး ရဖို့ရာ မလွယ်ဘူး။
***အဲဒီဥာဏ်မျိုး ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင် အထင်မှားမှုတွေဟာ ပျောက်ကုန်တယ်။ သူ့ရဲ့စိတ်နေ စိတ်ထားပါ တစ်ခါတည်း ပြောင်းလဲသွားတယ်။ အသိဥာဏ်ပါ ပြောင်းသွားတယ်။ စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ၊ ပြောင်းလဲတာမှ တကယ့်ကို သိသိသာသာကြီး ပြောင်းလဲသွားတာ။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင် အဲဒီလို ဥာဏ်မျိုးဖြစ်လာမယ်။ အဲဒီအနတ္တဥာဏ်က စိတ်ကို အင်မတန် ချမ်းသာစေတယ်နော်။ ပစ္စုပ္ပန်မှာ တည့်တည့်နေတဲ့အကျင့်က အမြတ်ဆုံးအကျင့်ပဲ။ အမြတ်ဆုံးဘ၀ပဲ။
မဟာမြိုင် ဦးဇောတိက
0 comments: