Tuesday, May 8, 2012

ကြာပန်း (Lotus)

  1. ကြာပန်းကို ဗုဒ္ဓသာသနာတော် အထိမ်းအမှတ်အဖြစ် အသုံးများသည်။ ဗုဒ္ဓဘာသာနှင့် ဆိုင်သော အသင်းအဖွဲ့၊ အဖွဲ့အစည်း အတော်များများက ၎င်းတို့၏ အမှတ်တံဆိပ် (လိုဂို) တွင် ကြာပန်းကို အသုံးပြုထားသည်ကို တွေ့နိုင်သည်။
  2. မြတ်စွာဘုရား၏ ဖြစ်တော်စဉ်များကို ကြည့်လျှင် ကြာပန်းနှင့် အများဆုံး ဆက်စပ်နေသည်ကို တွေ့ရသည်။ အမိဝမ်းတွင် သန္ဓေယူစဉ် ဆင်ဖြူတော်တစ်ကောင်က ကြာပန်း ဆက်သသည်ဟု အိပ်မက်မြင်ခဲ့သည်။
  3. အရိယပရိယေသနသုတ်၌ မြတ်စွာဘုရားကိုယ်တိုင် သူ့ဘဝဖြစ်တော်စဉ်ကို ပြောကြားခဲ့သည်။ သူ ဘုရားမဖြစ်ခင် အလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝက မကြောင့်မကျ နေခဲ့ရပုံကို ပြန်လည် မိန့်တော်မူရာတွင် ဖခင်သုဒ္ဓေါဓနမင်းကြီးက သူ့အတွက်  ကြာနီ၊ ကြာညို၊ ကြာဖြူကန် သုံးခု ဖန်တီးပေးထားကြောင်း မိန့်တော်မူခဲ့သည်။ သိဒ္ဓတ္ထမင်းသားဘဝက ထိုကြာမျိုးစုံဖြင့် ပြည့်နေသည့် ကြာကန်ဘေးတွင် ထိုင်ရင် ကြာပန်းတို့၏ သဘောကို အနုစိတ် စဉ်းစားနေပေလိမ့်မည်။
  4. ဘုရားဖြစ်ပြီး တရားဟောဖို့ စဉ်းစားသောအခါ သတ္တဝါတို့၏ စိတ်နေစိတ်ထားကို ကြာပန်းဖြင့် ဥပမာပေးကာ စဉ်းစားခဲ့သည်။
  5. ကြာပန်းကို ဥပမာပေးကာ ဟောကြားထားသည့် ဒေသနာတော်များကိုလည်း တွေ့နိုင်သည်။ (ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေနဝါ၊ ဧဝံတံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။)
  6. မဟာယာန စာပေတွင် မဟာပုဏ္ဏရိကာသုတ် (Lotus Sutra) သည် အထူးထင်ရှားသည်။
  7. မြတ်စွာဘုရား၏ ဘဝဖြစ်တော်စဉ်ကို ကြာပန်းနှင့် နှိုင်းခိုင်းနိုင်သည်။ ဆွေးတော်မျိုးတော်များ မျိုးတုံး သက်ဖြတ်ခံရမှုကို အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်ခဲ့သည်။ အဂ္ဂသာဝကနှစ်ပါးလုံး ဆုံးရှုံးအပြီး မြတ်စွာဘုရား မိန့်တော်မူခဲ့သည့် စကားတော်က သက်သေခံနေသည်။
  8. ခေတ်သစ်ကမ္ဘာတွင် ဘာသာရေးခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးပြီးလျှင် ဩဇာအရှိဆုံးအဖြစ် ယူဆကြသည့် ဒလိုင်းလားမားကို နမူနာ ကြည့်နိုင်သည်။ ၂၀၁၀၊ ဧပြီလက ဒလိုင်းလားမား၏ မွေးရပ်မြေ တိဘက်ဒေသတွင် ငလျင် အကြီးအကျယ် လှုပ်ခဲ့သည်။ ဒလိုင်းလားမားကား လူကိုယ်တိုင် သွားခွင့်မရှိ။ ငလျှင်ဘေးဒုက္ခသည်များအတွက် ပူဆွေးသောက မရောက်ဘူးလားဟူသော အမေးကို ဒလိုင်းလားမား၏ အဖြေစကားက တော်တော် တာသွားသည်။ ငလျင်ဒုက္ခသည်များအတွက် သူ အတက်နိုင်ဆုံး ကူညီသည်။ သူ လက်လှမ်းမမှီသည့်ကိစ္စအတွက် ပူဆွေးသောက ရောက်မနေတော့ကြောင်း ဖြေကြားခဲ့သည်။
  9. ဒေါ်အောင်ဆန်းစုကြည် (၂၀၁၀) နေအိမ်အကျယ်ချုပ်ဘဝက လွှတ်မြောက်စက ဘီဘီစီ သတင်းထောက်က မြန်မာနိုင်ငံသို့ သွားကာ အင်တာဗျူးသည်။ အိမ်အကျယ်ချုပ်အဖြစ် နေရသည့် ဘဝမှာ စိတ်ကျဉ်းကျပ်တာ၊ စိတ်မလွတ်မလပ်ဖြစ်တာတွေ ခံစားရပါသလားဟူသော အမေးကို ဒေါ်အောင်ဆန်းစုကြည်က "လူတွေ ယုံမလားတော့ မသိဘူး။ သူမနေနဲ့ နေအိမ်အကျယ်ချုပ်ဘဝနှင့် နေရသည့်အချိန်မှာ စိတ်ကျဉ်းကြပ်တာ၊ စိတ်မလွတ်မလပ် ခံစားရတာတွေ မရှိခဲ့ကြောင်း၊ သူမှာ စာအုပ်ဖတ်၊ ရေဒီယိုနားတောင်၊ တရားထိုင်းခြင်းစတဲ့ အလုပ်တွေနဲ့ အချိန်ကို ကုန်ဆုံးစေကြောင်း" ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည့် "အကယ်၍" ကဗျာကို အလျင်းသင့်သလို ထည့်နိုင်သည်။

0 comments:

Bookmark This Page Facebook Twitter Google Plus RSS